Local News

COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပို၍ကြံ့ကြံ့ခံနိုင်စွမ်းရှိလာ စေရန် Myantrade ၏ ကုန်သွယ်ရေးသတင်းအချက်အလက် ဝက်ဘ်ဆိုက်အသစ်တစ်ခုအား စတင်အကောင်အထည်ဖော်

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) သည် အဆင့်မြင့်လုပ်ဆောင်ချက် များ၊ Function များနှင့် စုံလင်သည့်အကြောင်းအရာများပါဝင်သော ဌာနဆိုင်ရာဝက်ဘ်ဆိုက် အသစ်(www.myantrade.gov.mm) ကို (၂၁-၁၀-၂၀၂၀) ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက်အသစ်သည် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ ဈေးကွက်များသို့ တိုးချဲ့လိုသောအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူပြီး ဝန်ဆောင်မှုများကိုရယူလိုသော နိုင်ငံတကာမှ ဝယ်ယူသူများ အတွက် အရေးပါသည့် သတင်းအချက်အလက်ရင်းမြစ် တစ်ခုဖြစ်လာမည် ဖြစ်ပါသည်။ ဝက်ဘ်ဆိုက်အသစ်တွင် မြန်မာကုမ္ပဏီများသည် ကုန်သွယ်မှုဆိုင်ရာသတင်း အချက်အလက်များကို ပြည့်ပြည့်စုံစုံ၊ အချိန်နှင့်တစ်ပြေးညီ တစ်စုတစ်ဝေးတည်း ရရှိလေ့လာနိုင်မည် ဖြစ်ပါသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာများ ကန့်သတ်ထားချိန်တွင် ကုမ္ပဏီများသည် အရည်အသွေးပြည့်ဝသော ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းမှတဆင့်ရယူခြင်းဖြင့် မိမိတို့စီးပွားရေးလုပ်ငန်း အတွက် ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ဈေးကွက်ချဲ့ထွင်ရေးကို အလွယ်တကူနှင့် ဘေးကင်းစွာ စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ယခုအခါမြန်မာနိုင်ငံမှ စိတ်အားထက်သန်လှသည့် တင်ပို့သူများသည် ကမ္ဘာ့ ကုန်သွယ်ရေးစီးဆင်းမှုဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးကဏ္ဍများနှင့် ထုတ်ကုန် အလားအလာများ၊ အခွန်နှုန်းထားများ၊ အကောက်ခွန် မဟုတ်သော သတ်မှတ်ချက်များ၊ မိမိဦးတည်သည့် ဈေးကွက်ဆိုင်ရာစည်းမျဉ်းများ၏ အချက်အလက်များကို အွန်လိုင်းမှ အလွယ်တကူရယူနိုင်ပြီဖြစ်ပါသည်။ မဟာဗျူဟာကျသည့် ဈေးကွက်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ကိုယ်တိုင်ဆန်းစစ်သုံးသပ်နိုင်မည့် အစီအစဉ်များနှင့် နောက်ဆုံးပေါ် ကုန်သွယ်မှုအချက်အလက်များအား သုံးစွဲသူ စိတ်တိုင်းကျရွေးချယ်နိုင်သော အပြင်အဆင် များဖြင့် အချိန်နှင့်တစ်ပြေးညီဖော်ပြပေးထားပါသည်။ ဝက်ဘ်ဆိုက်အသစ်တွင် တောင်အာရှ ဒေသ၏ ဈေးကွက်သတင်းအချက်အလက်ရင်းမြစ်ကိုလည်း ပါဝင်ထည့်သွင်းထားပါသည်။ ထို့ပြင် မြန်မာ့အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏စီးပွားရေး လုပ်ငန်းများကို နိုင်ငံတကာတွင် ဝင်ဆံ့နိုင်ရန်အတွက် ထုတ်ပိုးမှုကုမ္ပဏီများ၊ ကုန်ပစ္စည်း တင်ပို့သူများနှင့် အကောက်ခွန်ဝန်ဆောင်မှုပေးသူများအထိ ပါဝင်သော “စီးပွားရေး အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများ” စာရင်းကိုလည်းထည့်သွင်းထားပါသည်။

မြန်မာနိုင်ငံ၏ ထူးခြားသောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို သိရှိ လေ့လာလိုသော နိုင်ငံတကာမှ ဝယ်ယူသူများအတွက်မြန်မာ့ပို့ကုန်များနှင့် တင်ပို့သည့် ကုမ္ပဏီများ၏ အဓိကသတင်းအချက်အလက်များကို ဤဝက်ဆိုက်တွင်ဖော်ပြထားပါသည်။ နိုင်ငံတကာမှဝယ်ယူသူများသည်အမြဲ ဆန်းသစ်မွမ်းမံလျက်ရှိသော တင်ပို့သူများ၏ ဒေတာ အချက်အလက်များမှ တဆင့်ပြည်တွင်းရောင်းချသူများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးတွင် e-Commerce Platform တစ်ခုဖြစ်လာမည့် အွန်လိုင်းဈေးတန်း (virtual marketplace)သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့်၊ တင်ပို့သူများအား ၎င်းတို့ ၏ ထုတ်ကုန်များကို ပြသနိုင်ရုံသာမကအရောင်းမြှင့်တင်နိုင်ရန်အတွက် ပံ့ပိုးပေးမည် ဖြစ်ပါသည်။

“မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade) ၏ Website အသစ်သည်ဌာန ဆိုင်ရာ ပြယုဒ်ဝက်ဆိုက် အဖြစ်သာမက မြန်မာလုပ်ငန်းရှင်များ နိုင်ငံတကာသို့ တက်လှမ်း နိုင်ရန် စဉ်ဆက်မပြတ် ပြောင်းလဲနေသော ကုန်သွယ်မှု သတင်းအချက်အလက်များကို ကိုယ်တိုင်ရှာဖွေစီမံနိုင်သည့် အချက်အလက်ရင်းမြစ်တစ်ခုပင်ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများမှတစ်ဆင့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရယူ နိုင်တော့မည်ဖြစ်ပါသည်။ ဤအချက်ကြောင့်ပင် မြန်မာကုမ္ပဏီများသည် ကမ္ဘာ့ဈေးကွက် တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာလိမ့်မည်ဟု ထင်မြင်မိပါကြောင်း” မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့(Myantrade)မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ပြောကြား ခဲ့ပါသည်။

ထို့ပြင်မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade)မှ ပုဂိ္ဂုလ်များထံ တိုက်ရိုက် မေးမြန်းနိုင်မည့် အစီအစဉ်ဖြစ်သည့် “Live Chat” ကိုလည်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။ “စုံစမ်းမေးမြန်းမှုဆိုင်ရာစီမံခန့်ခွဲရေးစနစ်”သည် အသုံးပြုသူများ၏ လိုအပ်ချက်နှင့်အညီ ဝန်ဆောင်မှုများကိုသေချာစွာပေးနိုင်ရန်နှင့် ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးကို ကြည့်ရှု စစ်ဆေးနိုင်ရန်အတွက် Myantradeကို ကူညီပေးနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးက “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade)၏ ပြင်ဆင်မွမ်းမံထားသော သတင်းအချက်အလက် ၀န်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ပရှိစျေးကွက်နှင့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး အသိပညာကွာဟမှုကို ပိုမိုကျဉ်းမြောင်းသွားစေရန် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါ သည်။ ဤ Website အသစ်သည် အရေးကြီးသော စျေးကွက်ဝေစုများရရှိရန်နှင့် မြန်မာနိုင်ငံ၏ ပို့ကုန်ဆောင်ရွက်ချက်ကို မြှင့်တင်နိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ပုဂ္ဂလိကဏ္ဍ များကို အကျိုးပြုသွားနိုင်မည်ဖြစ်ပါသည်။” ဟုထည့်သွင်းပြောကြားခဲ့ပါသည်

Website ၏ထူးခြားသည့်လုပ်ဆောင်နိုင်မှုတစ်ခုမှာ အွန်လိုင်းမှလေ့ကျင့်ရေးသင်တန်း များကို ထည့်သွင်းထားခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုစွမ်းရည်ကို ပိုမိုမြှင့်တင်ရန်အတွက် အထူးအွန်လိုင်း e-learning သင်တန်းများ၏ သင်ခန်းစာအမျိုးမျိုးမှတစ်ဆင့် အလွယ်တကူ လေ့လာနိုင် ပါသည်။ ဤ e-learning Platform သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား စျေးကွက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို နည်းစနစ်တကျချမှတ်နိုင်ရန်အတွက် ကူညီပေးမည် ဖြစ်ပါသည်။

    

Category: Local News